ဟစ်ဟော့ဂီတက Realisam ဆန်တယ်။ သေချာတာကတော့ ဟစ်ဟော့ဂီတက မှန်မှန်ကန်ကန်
တိတိပပ ချက်ချက်ချာချာနဲ့ စကားလုံးတွေ ဖောဖောသီသီ ပြောလို့ရတယ်။ ဒါကြောင့်
ကျွန်တော်ကြိုက်တယ်”လို့ ဆိုလာသူက မြန်မာနိုင်ငံရဲ့ဟစ်ဟော့ ဒုတိယမျိုးဆက်
အဆိုရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ရသဆိုတဲ့ အနုပညာ ငွေကြယ်ပွင့်ပါ။ သူက
လူငယ်ပီပီလောက သဘာဝတရားတွေကို စူးစမ်းပြီး တန်ဖိုးရှိရှိနေထိုင်မှုဆိုတဲ့
အသိတရားနဲ့ ဘ၀ကို ရပ်တည်လျှောက်လှမ်း နေသူပေါ့။ အခုလတ်ရှိမှာတော့
သူစူးစမ်းလေ့လာထားမှုတွေကို ပရိသတ်တွေအတွက် ဖြန့်ဝေရာရောက်တဲ့
သုခုမသူရဲကောင်းဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်လျက်ရှိပါတယ်။ သူက အဲဒီ
အစီအစဉ်လေးကို သူ့ဘ၀မှာ မှန်ကန်စွာ ရွေးချယ်လုပ်ဆောင်ခဲ့တဲ့
ဘ၀မှတ်တမ်းဖြစ်ဖို့ ရည်ရွယ်ပါတယ်တဲ့။ ဒါကြောင့်လည်း ရသဆို တဲ့
ဂီတအနုပညာရှင် တစ်ယောက်ရဲ့ ဖြတ်သန်းရာ ခရီးနဲ့ ဘ၀အမြင်၊ ခံယူချက်
သဘောထားတွေကို သိရှိနိုင်ဖို့ သူ့ရဲ့ငယ်ဘ၀ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
ရဲမင်းသိန်းလို့
ငယ်နာမည်ရှိတဲ့သူက မြန်မာသံစဉ်အဆိုရှင် ပန်တျာ မြမြသိန်းနဲ့ တပ်မတော်က
အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဦးတင်အုန်းတို့ရဲ့ တစ်ဦးတည်းသောသားပေါ့။ သူ့ကို
၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က
အမှတ်(၁)စစ်ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ သူငယ်စဉ်က တစ်ယောက်တည်း အနေများပြီး
စာသင်ကြားရတဲ့ အရွယ်မတိုင်ခင်ကတည်းက သတင်းစာနဲ့စာစောင်တွေကို သေချာ
ဖတ်ရှုနိုင်တဲ့ ပါရမီထူးတစ်ခုရှိခဲ့သူပါ။ အဲဒီလို ပညာရေးဘက်မှာ ပါရမီ
ထူးရှိထားတဲ့ သူ့ကိုအခြေခံပညာ သင်ယူတဲ့အရွယ်ကစပြီး သူ့ရဲ့ဆရာမ က
သူ့ကိုသတင်းစာ ခေါင်းကြီးပိုင်းတွေ ဖတ်တတ်တဲ့အကျင့်ကို လမ်းညွှန်
ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူငယ်စဉ်အချိန်တွေက တခြားသော ကလေးတွေနဲ့မတူဘဲ
စာစောင်တွေနဲ့ စာအုပ်တွေကြားမှာ ကုန်ဆုံးမှုများခဲ့ ပါတယ်တဲ့။ ဂီတအနုပညာရှင်
တစ်ဦးရဲ့ သွေးသားဖြစ်တဲ့သူက ဂီတနဲ့ ပတ်သက်လို့လည်း ဗီဇနဲ့ဝါသနာပိုး
ရှိခဲ့သူပါ။ ဇော်ဝင်းထွဋ်ရဲ့ တေးသီချင်းတွေနဲ့ သန်းဖေလေး
ရဲ့ကိုကိုကြီးရဲ့မခင်နှင်းဆီ သီချင်းတွေ က သူငယ်စဉ်မှာ နှစ်ခြိုက်စွာသီဆို
ဟစ်ကြွေးခဲ့တဲ့ သီချင်းတွေပေါ့။
“ကျွန်တော်ငယ်ငယ်ကတည်း
ကလူမကြောက်တတ်ဘူး။ အိမ်ကို ဧည့်သည်လာရင် ခုံပေါ်တက်ပြီး
သီချင်းဆိုပြီးကပြတယ်လို့ အမေက ပြောတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်က
ဖိုးဆိုချင်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အမေက ကျွန်တော့်ကိုယ်ဝန်ကြီးနဲ့
သီချင်းတွေ လိုက်ဆိုနေတာလေ။ ကျွန်တော့် ငယ်အကျင့် တစ်ခုရှိသေးတယ်။ အဲဒါက
အရုပ်တစ်ရုပ် ၀ယ်ပေးရင်မဆော့ဘဲ အကုန်ဖျက်ပစ်ပြီး ပြန်ဆင်လေ့ရှိတယ်။
ဖျက်စီးပစ်တာ မဟုတ်ပါဘူး။ စူးစမ်းတာပါ”လို့ အစချီဖွင့်ဟခဲ့ပါတယ်။
သူ့ရဲ့ပညာရေးနဲ့
ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း “ပညာရေး နဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းက
မှတ်မှတ်ရရ တစ်ခုရှိတယ်။ အဲဒါကို အခုထိ ကိုယ့်ကိုယ်ကိုယ်တော့
သိပ်မယုံပါဘူး။ အမေတို့ ဆရာမတို့ ပြော တာကတော့ ကျွန်တော် မူကြိုအရွယ်ကတည်းက
စာဖတ်တတ်ပြီး သတင်း စာတွေဖတ်နေပြီတဲ့။ ပတ်လုံးပတ်ဆင့်တွေတော့
မဖတ်တတ်သေးဘူးပေါ့။ အဲဒါကြောင့်လား မသိဘူး။ ကျွန်တော် သူငယ်တန်းနဲ့
တစ်တန်း တက်တော့ ကကြီး၊ ခကွေးက မတတ်တော့ဘူး။ ဒါတွေပဲ သင်နေတာဆိုပြီး
အရမ်းပျင်းတာပေါ့။ ကျွန်တော် လေးတန်းကတည်းက ကျွန်တော့် ဆရာမက သတင်းစာ
ခေါင်းကြီးပိုင်းတွေ ဖတ်တာကို လေ့ကျင့်ပေးခဲ့တယ်” လို့ ပြောပြခဲ့ပါတယ်။
ရသက
မူလတန်းပညာရေး အဆင့်မှာ နှစ်စဉ်ဆုတွေ ရယူနိုင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ
တာဝန်ကျရာ သထုံမြို့ကိုပြောင်းရွေ့နေထိုင်ရချိန် နောက်ပိုင်းမှာတော့
ပညာရေးမှာ အားလျော့မှု ရှိခဲ့ပါတယ်တဲ့။ ရန်ကုန် မှာမွေးတဲ့ ရသက သထုံမြို့မှာ
လေးတန်းကနေ ၉ တန်းအထိ နေထိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တော့
ရန်ကုန်မြို့ဒဂုံ(၂)မြို့မ ကျောင်းကနေ ၁၉၉၉-၂၀၀၀ မှာအောင်မြင်ခဲ့သူပါ။
တက္ကသိုလ်ပညာကို ဒဂုံတက္ကသိုလ်မှာ တက်ရောက်သင်ယူခဲ့ပြီး ၂၀၀၆ မှာ
အင်္ဂလိပ်စာနဲ့ဘွဲ့ ရရှိ ခဲ့ပါတယ်။
“ကလေးဘ၀မှာ ရွှေသွေး၊
မိုးသောက်ပန်း၊ မင်္ဂလာမောင်မယ်စတဲ့ စာအုပ်တွေကို အရမ်းကြိုက်ပြီး
ဖတ်ဖြစ်တယ်။ ၆ တန်း ကျောင်းသားဖြစ် လာတော့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တာ ကို
စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ ဘယ်သူတွေရှိလဲ။ ဘယ်သူတွေ
ဘာတွေလုပ်ခဲ့ကြသလဲ ဆိုတာကို သိချင်လာတယ်။ ကျွန်တော်တို့ကျောင်းမှာ
သင်တာကြတော့ ခုနှစ်သက္ကရာဇ်ကြီးတွေနဲ့ အတင်းကြီး ကျက်ခိုင်းတာပေါ့။ အဲဒါက
စနစ်တစ်ခုလွဲနေတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့က ကျောင်းမှာ
စာပဲသင်ကြပြီးတော့ ပညာကို မချစ်ခဲ့ကြတဲ့အတွက် ၁၀ တန်းအောင်ပြီးရင်
ကျောင်းစာအုပ်တွေကို ကိုယ်နဲ့မဆိုင်တော့ဘူးဆိုပြီး ထားလိုက်ကြတယ်။ ပညာဆိုတာ
သုံးဖို့အတွက် သင်ယူကြတာပါ။ သမိုင်းကိုစိတ်ဝင်စားပြီး စာအုပ်တွေ
ရှာဖတ်တော့ ကျွန်တော်တို့ရှေ့မှာ သွားလေသူ အာဇာနည်ကြီးတွေ ရှိတယ်။
သူတို့အကြောင်းတွေကို ဖတ်ပြီး အားကျတယ်။ သူတို့တွေ လုပ်ဆောင်ခဲ့တဲ့
ပြောင်းလဲမှုတွေက အရမ်းကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်
သူ့ရဲ့တစ်နှစ်တာကအရမ်း အားထုတ်မှု ကောင်းတယ်ဗျာ။ သူ တကယ်တမ်း နိုင်ငံရေး
လုပ်ခဲ့တဲ့ ကာလတိုတိုလေးမှာ သူ့အတွက်သူလုပ်တာ မဟုတ်ဘဲ အများအတွက်
အားထုတ်ခဲ့တာ ဖြစ်တဲ့အတွက် အရမ်းတန်ဖိုးရှိတဲ့လူ ဖြစ်ခဲ့တယ်။ အဲဒီတော့
ကျွန်တော်တို့တွေ ကိုယ့်အတ္တတွေ နည်းနည်းလျှော့ပြီးတော့ အများအတွက်
အကျိုးရှိမယ့် ပရဟိတကိစ္စလေးတွေ စဉ်းစားလုပ်ဆောင်ရမယ်။ နောက်ဆုံးဒီဘ၀မှာ
ချမ်းသာတာရော၊ ဆင်းရဲတာရော၊ ချစ်တာရော၊ မုန်းတာရော အားလုံးဟာ ခဏတာပဲ
ဆိုတာကို သိလာတယ်”လို့ ရသစာအုပ်များထဲက ရရှိခဲ့တဲ့
သူ့ရဲ့ဘ၀အမြင်နဲ့ခံယူချက်ကို ဖွင့်ဆိုပြခဲ့ပါတယ်။
ရဲမင်းသိန်းဆိုတဲ့
လူငယ်တစ်ယောက်က ရသဆိုပြီး ဟစ်ဟော့ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့
ဖြစ်လာခဲ့တာကတော့ ၁၉၉၉ ခုနှစ် ၀န်းကျင်က ရန်ကုန်မြို့ ဟိုတယ်နီကိုးမှာ
ပြုလုပ်ခဲ့တဲ့ ရှိုးပွဲတစ်ခုပါ။ အဲဒီရှိုးပွဲမှာ နောင်တစ်ချိန်
အက်စစ်အဖွဲ့ဖြစ်လာမယ့် အနဂ္ဂတို့အဖွဲ့နဲ့ မျိုးကျော့မြိုင်၊
အငဲနဲ့မျိုးကြီးတို့ ပါဝင်ပါ တယ်။ သူက အဲဒီရှိုးပွဲမှာ ဟစ်ဟော့ ဂီတရဲ့
အရသာကို ထိတွေ့ခံစားမိပြီး ဟစ်ဟော့ဂီတနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေနဲ့
ဟစ်ဟော့ဂီတရပ်ဝန်းမှာ ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၀
တန်းအောင်မြင်ပြီး ILBC မှာတက် နေချိန်မှာ Tower Studio က ကိုကြီး စိုးနဲ့
စတွေ့ပြီး သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ကိစ္စမရှိဘူး
စီးရီး ၂၀၀၂ မှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် လင်းပင်ဟိန်းနဲ့ တွဲဖက်ကာ
မှတ်တမ်းဟောင်း စီးရီးထွက်ရှိခဲ့သလို အတွဲခွေအများစုမှာလည်း
ပါဝင်သီဆိုခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၅ မှာ ဒုတိယ တစ်ကိုယ်တော် စီးရီးဖြစ်တဲ့
‘မြန်မာပြည်တွင်လုပ်သည်’ စီးရီးထွက်ရှိခဲ့ပါတယ်။ ဂီတနဲ့ ပတ်သက် ရပ်တည်မှု
အမြင်သဘောထား တွေနဲ့ပတ်သက်ပြီး ရသက . . .
“ဂီတကို စလုပ်တုန်းက
လုပ်ချင်လို့လုပ်တာ။ လုပ်တတ်လို့လုပ်တာ မဟုတ်ဘူး။ နောက်ပိုင်းကျတော့
လုပ်ချင်လို့လုပ်တယ် ဆိုတာထက် လုပ်သင့်လို့လုပ်တယ် ဆိုတာကို
ပိုသဘောကျတဲ့အတွက် သီချင်းတစ် ပုဒ်ရေးရင် ရေးသင့်မှ ရေးတော့တယ်။ ဥပမာ
ကိုယ့်သီချင်းမျိုး ရှေ့မှာရှိပြီးသားဆိုရင် အဲဒီထက်ကောင်း
အောင်မရေးနိုင်ရင် ကျွန်တော် မရေးတော့ဘူး။ ဒါကြောင့် လိုအပ်တဲ့
သီချင်းမျိုးတွေရေးဖို့ ကျွန်တော် လုပ်နေပါတယ်”လို့ ဆိုပါတယ်။
ရှိုးပွဲတွေမှာ
ခမောက်ဆောင်းပြီး ဖျော်ဖြေလေ့ရှိတဲ့ ရသကို ခမောက်ဆောင်းတဲ့ အဓိပ္ပာယ်ကို
မေးကြည့်တော့ “ကျွန်တော့်အဖိုးနာမည်က ဦးလယ်ကြီးတဲ့ လယ်ကွင်းထဲမှာ မွေးလို့
ဦးလယ်ကြီးလို့ ခေါ်တာပါ။ ကျွန်တော့် အဖေ ဘက်က လယ်သမားမျိုးရိုးပါ။
ဒါကြောင့် ကျွန်တော် ခမောက်ဆောင်းတာပါ”လို့ ဖြေကြားခဲ့ပါတယ်။
“နောက်ပိုင်းမှာ
တရားစာအုပ်တွေ တွဲဖတ်ဖြစ်လာပြီး ဘ၀အဓိပ္ပာယ် နဲ့ ဘ၀သစ္စာကို ကျွန်တော် သေချာ
စဉ်းစားကြည့်တယ်။ လူတစ်ယောက် ဖြစ်လာရင် အရေးကြီးဆုံးက သတိပါ။ လူတွေ
ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့် ဘ၀အပေါ်၊ ကိုယ့်လောကအပေါ် သတိမထားမိကြဘူး။
လူတွေအားလုံးက သေခြင်းတရားကို လှမ်းသွား နေကြတယ်။ လှမ်းမယ့်ခြေလှမ်း က
တစ်လှမ်းကို တစ်နှစ်နဲ့ မသေချာတဲ့ ခြေလှမ်း ၈၀ ရှိတယ်။ ခြေလှမ်း ပေါင်း၈၀
မှာ ကျွန်တော်တို့ ဘယ်လို ခြေလှမ်းတွေနဲ့ လျှောက်မလဲ ဆိုတာကို စဉ်စားတယ်။
ကျွန်တော် ခဏတာ လူဖြစ်ခိုက်မှာ ကိုယ့်ကိုယ်ကိုယ် သာဓုခေါ်နိုင်တဲ့
လူမျိုးဖြစ်ချင်ပါတယ်။ ပရိသတ်တွေကို ဖတ်စေချင်တဲ့ စာအုပ်နှစ်အုပ် ရှိပါတယ်။
အဲဒါက ဒေါက်တာမတင်ဝင်း ရေးတဲ့ မိမိကိုယ်ကိုယ် စာအုပ်နဲ့ မိမိပတ်ဝန်းကျင်
ဆိုတဲ့ စာအုပ်တွေပါ”လို့ ဆိုလာသူ ရသရဲ့ ရှေ့ဆက်မယ့် ခရီးဆိုတာကတော့. .
“အခုကျွန်တော်
သီချင်းမလုပ်ဘဲ ရပ်ထားတယ်။ စီးရီးတော့ လုပ်နေပါတယ်။ ရှေ့ဆက်မယ့်ခရီးမှာ
ပိုက်ဆံရှာတဲ့ အလုပ်ထက် အရေးကြီးတဲ့ အလုပ်တွေ လုပ်နေပါတယ်။ ကျွန်တော်ကတော့
ကျွန်တော်လုပ်နေတဲ့ အလုပ်ကို ကျွန်တော့်ဘ၀မှတ်တမ်း ဖြစ်လို့
ကျေနပ်ပါတယ်”တဲ့ . . .။
No comments:
Post a Comment